Quantcast
Channel: ငြိမ်းစိုးဦး
Viewing all 59 articles
Browse latest View live
ကြောက် ရှိန် ( ကဗျာတို )
$
0
0
ကြောက် ရှိန်      ( ကဗျာတို )
www.wallcoo.net
စာအုပ်များ ပြို ကျ
ဝုန်း ဒိုင်း သံကြား ထို ခဏ
မိုး ကို မှန်း ကြည့် ဆ ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 22 ; 10 ; 2012 )
ချစ်ရတဲ့ မန္တလေးမှာ ...
$
0
0
ချစ်ရတဲ့ မန္တလေး မှာ ...
http://www.allmyanmar.com/mandalay%20photo/Myanmar%20Mandalay%20Palace%20Moat%20and%20Wall%20Sunset.jpg
ကျွန်တော်ဟာ(18.3.1997) ရက်နေ့မှ (12.8.1997) ရက်နေ့အထိ မြန်မာနိုင်ငံရဲ့နှလုံးသား တည်ရှိရာ မန္တလေး မြို့တော် မှာရောက်နေခဲ့ပါတယ်။ ပြည်ကြီးတံခွန် မြို့နယ်ထဲက တံခွန်တိုင် တံတား တည်ဆောက်မှု လုပ်ငန်းခွင်မှာရှိနေပါတယ်။ တစ်နေ့နံနက်ခင်းမှာ ပလိပ် ချည်မျှင်နဲ့ အထည်စက်ရုံဝန်းထဲမှာနေတဲ့ မိတ်ဆွေကဗျာဆရာ တင်ညွန့်မြိုင် ( သာစည် ) ရောက် လာပါတယ်။ မန္တလေးက ကဗျာဆရာ မောင်နွေထက် ဆီသို့ သွားကြရအောင် လာခေါ်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း လိုက်ပါသွားခဲ့ပါတယ် ။
                  မန္တလေးကို ရောက်တုန်း ရောက်ခိုက်မှာ ကဗျာဆရာ မောင်နွေထက်နဲ့ တွေ့
ဆုံပြီး စကားတွေ တ၀ကြီးပြောခွင့် ရခဲ့ပါတယ်။ ထူးခြားတာတစ်ခုကိုတွေ့လို့ မှတ်မှတ်ရရ
ဖြစ်အောင် ကဗျာဆရာဆီကနေ တောင်းယူခဲ့ပါတယ်။ အဲဒါက ကျွန်တော်တို့  မြစ်ဝကျွန်း
ပေါ်ဒေသမှာ အလေ့အထ( အားနည်း )မရှိ  တဲ့ ယဉ်ကျေးမှုတစ်ခုပါ။ မင်္ဂလာ အခမ်းအနား၊ နာရေး ကိစ္စစသည်တို့မှာ ကဗျာဆရာတွေရဲ့ ကဗျာများကို အသုံးပြု မျှဝေကြတာဖြစ်ပါတယ်။ လှပတဲ့ယဉ်ကျေးမှု တစ်ခု ဖြစ်တာမို့ အမှတ်တရ ဖြစ်ရပါတယ်။
                   ဦးခင်ဝင်း+ဒေါ်အမာတင် တို့ရဲ့(သား) မောင်သန်းထွန်းဦး (ခေါ်) ဗိုလ်တက် နဲ့
(ဦးခင်မောင်)+ဒေါ်ခင်မြင့် တို့၏(သ္မီး) မမာမာအေး တို့ရဲ့၁၈-၅-၉၇ (တနင်္ဂနွေနေ့)မှာကျင်း
ပခဲ့တဲ့ ထိမ်းမြား မင်္ဂလာပွဲ အတွက် ကဗျာဆရာများ၏ လက်ဆောင်ကဗျာများကိုမှတ်တမ်း
ပြုလိုက်ပါတယ်။
မင်္ဂလာနေ
မယ်တထမ်း မောင်တရွက်နဲ့
ရိုးပြာမြေကျ ပုဆိုးတန်းတင်
ကြင်စဦး ပျားရည်စမ်းချောင်းကလေး သစ်လို့ ...
အလင်းတပွေ့နဲ့ အချစ်နေ့
အချစ်နေ့
မွေ့လျော်ဖွယ် တီးလုံး
သိင်္ဂါရ ရနံ့ တွေရဲ့ အပြုံးရုပ်ပုံလွှာ
လှနေလိုက်တာ ...
အပျော်ဘဝ
တခဏလေးကနေ
ပန်းသစ်တေးချို ကမ္ဘာ မအိုတဲ့ အကြောင်း
အချစ်ခေါင်းလောင်းလေး ကိုထိုး
မေတ္တာမိုးတွေရွာ
သစ္စာဖြိုးကြွ ကုဋေကဋာ
မင်္ဂလာနေ့... ဟာ
ကဗျာ ... ... 
 မောင်နွေထက် 
သစ္စာပန္နက်
လက်ချင်းယှက်ကာ
ဒီကမ္ဘာမှာ
ကြည်သာရည်ပြုံး
ချစ်စ ထုံးနှောင်
ပျော်ရအောင် မေ
အသင်္ချေပေါ့ ... 
 ဥူး ( မန္တလေး ) 
အလှဆုံး လမ်းကလေး
အငြိမ့်ဆုံး အေးအောင်
အချစ်တေးတွေ မွှေးစေသော် ...
 ကျော်ရင်မောင် ( ရေဦး )
ကျွန်တော်တွေးမိတာကတော့အွန်လိုင်း  က လူပျိုကြီး အပျိုကြီးတွေ   မင်္ဂလာဆောင်ကြရင်
အွန်လိုင်း မိတ်ဆွေတွေက ကဗျာတွေ စာတွေရေးပြီး   လက်ဆောင်တွေဝေငှပျော်ကြရမှာ
လို့ ထင်ပါတယ်။ကဲ ဘယ်လိုလဲ ၊ ဘယ်သူ (တွေ )က စမှာလဲ။ ကျွန်တော် တွေးပြီး ပျော်နေ
မိပါတယ် ။
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ
( 5.7.2010 )
ယခင် Multiply တွင် တင်ခဲ့သော Post ဖြစ်ပါတယ် ။
အခုအချိန်နဲ့လည်း ညီညွတ်နေတာကြောင့် ပြန်လည် တင်ဆက်မိပါတယ် ။
ငြိမ်းစိုးဦး
( 1 ; 11 ; 2012 )
မိဘများ ၊ သားသမီးများ ( ၂ )
$
0
0
                     မိဘများ ၊ သားသမီးများ ( ၂ )
 love flows animated flowers graphic  http://www.layoutsparks.com/pictures/animated-25
              မိဘတို့နှင့် သားသမီးများကြားတွင် ချည်နှောင်ထားသော မေတ္တာ သံယောဇဉ်ကြိုးများမှာ လူ့ဘောင်လောကအတွက် အခိုင်မြဲဆုံး ဖြစ်မည်ဟု ထင်ပါသည် ။ ထိုကြိုးများ ခိုင်မြဲနေသရွေ့လည်း လူသားတို့၏ကမ္ဘာလောကကြီးမှာ ငြိမ်းချမ်းသာယာနေမည်ဟု ယုံကြည်မိပါသည် ။
                                                              ( က )
`` ထိုင်ဟေ့ မောင်ကျော်ထွေး ၊ လဘက်ရည် သောက်အုံးမလား ´´
`` မသောက်တော့ဘူး ဆရာ ။ ဒီကောင်မြတ်မင်းကို ဆရာနဲ့ အတူတွေ့လို့ ၀င်လာတာပါ ။ ဒီကောင်က
ရွာကနေတက်လာရင် ကျွန်တော်တို့နဲ့ သိတ်မတွေ့ဘူးဆရာ ။ သူ စက်ကျတဲ့သူဆီကိုသာ အရောက်သွားတတ်တာ ။ အခု ဆရာနဲ့ တွေ့ရတာတောင် ထူးခြားနေသလိုပဲ ။´´
``  ကျော်ထွေးနော် ။ ပေါက်ကရတွေမပြောနဲ့ ။ ဆရာက အဟုတ် ထင်နေအုံးမယ် ။
ငါက မင်းတို့ကိုကြည့်ပြီး အိမ်ထောင်ပြုတာကို စိတ်ကုန်နေတာ ။ ´´
``ကဲပါကွာ ကြုံတုန်းမှာ အေးအေးဆေးဆေး စကားပြောကြတာပေါ့ ။ ´´
`` သိတ်မအေးဘူး ဆရာရယ် ။ ဆရာ့ကိုလည်း အားနာပါတယ် ။ ဓာတ်ပုံပစ္စည်းတချို့ လာရှာရင်းနဲ့
ထွက်လာရတာမို့ နောက်မှ အေးဆေးဆုံပါ့မယ် ဆရာရယ် ။ ´´
`` ကျော်ထွေးရာ ။ ငါပြောသလိုပါပဲ ။ မင်းတို့ရဲ့ မိသားစုအရေး ရှာဖွေရေးတွေက ငါ့အတွက်
ပင်ပန်းပါတယ်လို့ ငါမပြောလား ။ ´´
`` အေးပါ ။ ပြောထားအုံးပေါ့ ။ မင်း ရွာကို မပြန်ခင်တော့ ငါ့ဆိုင်ဘက်ကို အရောက်ဝင်ခဲ့ပါအုံး ။ မှာစရာလေးတွေပြောစရာလေးတွေရှိတယ် ။ ဆက်ဆက်နော် ... ကဲ ငါသွားပြီ ။ ဆရာရေ
ကျွန်တော့်ကိုခွင့်ပြုပါအုံး ။´´
` ` အေး အေး ´´
 ပြောပြောဆိုဆိုပင်မောင်ကျော်ထွေး တစ်ယောက် စက်ဘီးကိုနင်းကာ သူ့ဆိုင်ဘက်ဆီသို့
ထွက်ခွာသွားတော့သည် ။ ကျွန်တော်လည်း သိချင်စိတ်ဖြင့် မေးမိပြန်ပါသည် ။
``မြတ်မင်းရေ ၊ မင်း သူငယ်ချင်းက အရင် ဆိုင်ကယ် စီးနေတာမို့လား ။ ´´
``ဟုတ်ပါတယ်ဆရာ ။ အခုတော့ သူ့ဆိုင်ကယ်က အသိမ်းခံလိုက်ရပြီလေ ။ ဒါကြောင့်
ဒီကောင် စက်ဘီးဖက်ကို ပြောင်းနေရတာ ။ ´´
`` ဘယ်သူက သိမ်းတာလည်းကွ ။ ´´
``ဒီကောင့်ကိစ္စကို အစ အဆုံးပြောပြပါမယ်ဆရာ ။ ´´
                 မောင်ကျော်ထွေးသည် အိမ်ထောင်ကျပြီးသည်နှင့် ဓာတ်ပုံလုပ်ငန်းတွင် ၀ါသနာပါသည့် အတိုင်း ဓာတ်ပုံရိုက်ခြင်း ၊ ဗီဒီယို ရိုက်ခြင်းများဖြင့် အလုပ်လုပ်နေသူဖြစ်ပါသည်။ အရင်းအနှီး အချို့ကို မောင်ကျော်ထွေး၏ မိဘများက စိုက်ထုတ်ပေးပါသည် ။ ထိုငွေကိုလည်း တတ်နိုင်သမျှ ပြန်လည် ဆပ်နေပါ၏ ။ လုပ်ငန်းအခြေအနေပေါ်တွင် မူတည်၍ အနည်းအများတော့ ရှိပါသည်။ သို့သော် တစ်နေ့တွင် မောင်ကျော်ထွေး၏ အမေနှင့် မောင်ကျော်ထွေး၏ဇနီးတို့ ငွေကြေး ကိစ္စနှင့်ပတ်သက်၍
အမြင်မတူဖြစ်ကြတော့သည် ။ မောင်ကျော်ထွေး၏ ၀င်ငွေအချို့မှာအချည်းနှီး ဆုံးရှုံးနေသည် ဟု မောင်ကျော်ထွေး၏ မိဘများက ထင်ပါသည် ။ မောင်ကျော်ထွေး၏ဇနီးကလည်း လုပ်ငန်း၏ သဘာဝမှာ ခေတ်ပေါ်ပစ္စည်းအချို့ကိုဖြည့်စွက်မှုပြုမှ လုပ်ငန်းလည်ပတ်မှုကောင်းမည်ဖြစ်၍ ထပ်မံ
ရင်းနှီးမှုများရှိနေသဖြင့် ဆပ်ငွေများ အခက်အခဲဖြစ်ကြောင်း ပြောဆိုပါသည် ။
                  မိဘ၏ သဘောကို သားသမီးများက မနာခံဟု မောင်ကျော်ထွေး၏ မိဘများက
ယူဆလာကြပါတော့သည် ။ နောက်ဆုံးတွင် ထုတ်ပေးထားသော အရင်းအနှီးလက်ကျန်ကို
ပြန်လည်ပေးဆပ်ရန် ဆိုလာသောအခါ ရသရွေ့ငွေကြေးအချို့တွင် ဆိုင်ကယ်ကိုပေါင်း၍ ဆပ်လိုက်ကြောင်း မောင်မြတ်မင်းက ရှင်းပြခဲ့ပါသည် ။ ထို့ကြောင့် မောင်ကျော်ထွေးမှာ ဓာတ်ပုံလုပ်ငန်းအတွက်လမ်းပေါ်ထွက်ရန် စက်ဘီးကိုသာ အားပြုနေရတော့ကြောင်း ၊ မောင်ကျော်ထွေး၏ မိဘများမှာမူ ဆိုင်ကယ်ကို အသုံးပြု၍ နေကြကြောင်း ၊ ရုံးလုပ်ငန်းတွင်ကျင်လည်နေကြသူများဖြစ်၍ ဆိုင်ကယ်ကို ဈေးထွက်ခြင်း ၊ အလည်သွားခြင်းတို့တွင်သာ သုံးစွဲဖြစ်ပြီး ကျန်အချိန်များတွင်
ရပ်နားထားရသည်သာဖြစ်ကြောင်း သိလာရပါတော့သည် ။ မိဘဂုဏ်ကို ထိန်းသိမ်းနိုင်မှု အားနည်းသော မိဘများအဖြစ် ပတ်ဝန်းကျင်က မြင်သည်ကိုပင်ဂရုမစိုက်နိုင်အောင် မာန မော်ကြွားစိတ်က လွှမ်းမိုးနေသော အဖြစ်ကို ကြားသိလိုက်ရပါတော့သည် ။
( ခ )
               ( ၁၉၉၆ ) ခုနှစ်ခန့်တွင် ရန်ကုန်မှ လပွတ္တာမြို့သို့ ထွက်ခွာလာခဲ့သော သင်္ဘော တစ်စင်းနစ်မြုပ်ခဲ့ဖူးပါသည် ။ တွံတေးတူးမြောင်းအနီးတွင်ဖြစ်ပါ၏ ။ လပွတ္တာမြို့သို ပြန်လာသော လပွတ္တာမြို့သူမြို့သားများတော်တော်လေးထိခိုက်ခဲ့သော ဖြစ်ရပ်ဖြစ်ပါသည် ။ ထိုခရီးစဉ်တွင်
ကျွန်တော်၏ ကျောင်းနေဖက်ဖြစ်သူ ကိုစိန်မောင် တစ်ယောက်လည်း ဆုံးရှုံးခဲ့ရပါ၏ ။ ကိုစိန်မောင်က 
တီဗီ ၊ကက်ဆက် ၊ ရေဒီယို ၊ည စသည်တို့ကိုပြင်ဆင်မှုပြုလုပ်သူဖြစ်၍ လိုအပ်သော ပစ္စည်းများကို ရန်ကုန်မြို့တွင် ၀ယ်ယူရန်သွားခဲ့ခြင်းဖြစ်ပါသည် ။ ရန်ကုန်ရှိ ဆွေမျိုးများထံသို့ ကလေးများကို အလည်ခေါ်သွားခဲ့သောခရီးဖြစ်ပါသည် ။ ရန်ကုန်မှ အပြန်တွင် နေရာအဆင်ပြေစေရန် သဘေီာသားအိပ်ခန်းကို ငှား၍ကလေးများကို နေရာချထားခဲ့ပါသည် ။ ရန်ကုန် - လပွတ္တာ ခရီးစဉ်ကို ပြေးဆွဲနေကြသော သင်္ဘောများတွင် အောက်ထပ်ပဲ့ပိုင်းမှာ သင်္ဘောသားဝန်ထမ်းများ၏
အိပ်စင်များရှိပါသည် ။ သင်္ဘောသားတို့က တာဝန်ချိန်နှင့်ညှိနှိုင်းပြီး အိပ်စင်များကို ခရီးသည်တို့အား ငှားလေ့ရှိကြပါသည် ။ အပိုဝင်ငွေအတွက်ဖြစ်ပါ၏ ။ ထိုနေရာတွင် ကလေးများကို နေရာချထားခဲ့သော
ကိုစိန်မောင်သည် အပေါ်ထပ်ဦးခန်းတွင် မိတ်ဆွေများနှင့် လုပ်ငန်းကိစ္စများကို ပြောဆိုနေကြစဉ် သင်္ဘောက တိမ်းစောင်းမှုဖြစ်ခဲ့ပါ၏ ။ ထိုဦးခန်းပြတင်းပေါက်မှ ခုန်ချကူးခတ်ခဲ့သူများမှာ အသက်ရှင်ခဲ့ကြပါသည် ။ ကိုစိန်မောင်ကတော့ ခုန်ချထွက်ပြေးသူများတွင်မပါဝင်ခဲ့ပါ ။ ကလေးများရှိရာ သင်္ဘော အောက်ထပ်ပဲ့ပိုင်းဆီသို့ အရောက်သွားခဲ့ပါသည် ။ ရင်သွေးနှစ်ဦးကို စွန့်ခွာသွားနိုင်သော စိတ်ထားမရှိခဲ့ပါ ။ ပြန်လည်တွေ့ရချိန်တွင် သားသမီးနှစ်ဦးက ဖက်ထားသော ကိုစိန်မောင်တို့ မိသားစုကို
သွားရောက်သဂြိုလ်မှုပြုခဲ့ရသည့် အစ်ကိုက ယခုထက်တိုင်ကြုံသည့်အခါတိုင်း ပြောပြနေဆဲဖြစ်ပါသည် ။ ကျန်ရစ်သူဇနီးကလည်း မကိုခင်လို့ ဥကိုခင်တာ ဟု မျက်ရည်လည်ရွဲပြောပြဆဲ ဖြစ်ပါသည် ။ မိဘမေတ္တာကို အသက်နှင့်ရေးထိုးသွားသော ကိုစိန်မောင်ကို မောင်ကျော်ထွေး၏ မိဘများကမူ ညံ့သူဟု သဘောထားကြလေမည်လား မသိနိုင်ပါ ။
                 ဤလူ့လောကကြီးသည် မိဘများမှ သားသမီးများ ၊ သားသမီးများမှ မိဘများ စသည်ဖြင့် မျိုးဆက်များဖြည့်ဆည်းကာ လူ့ဘောင်လောကကို တိုးတက်မြင့်မားအောင်အလှဆင်နေကြရပါလိမ့်မည် ။ အပြန်အလှန်လေးစားမှု အားနည်းခြင်းမှသည် သံယောဇဉ် နှင့် မေတ္တာတရားတို့ပျောက်ပျက်သွား မည့် လောကကြီးကို လူသားတို့ တည်ဆောက်သင့်ပါသလားဆိုသည်ကိုမူ ကမ္ဘာစစ်ကြီးနှစ်ခုက ထင်ရှားစွာ ပြသသွားခဲ့ပြီးဖြစ်သည်ဟု ထင်မြင်နေမိပါတော့သည် ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( Nov ; 7 ; 2012  )
ပိုးတုံးလုံးတိုင်းဟာ လိပ်ပြာ လှပါရဲ့လား
$
0
0
ပိုးတုံးလုံးတိုင်းဟာ လိပ်ပြာ လှပါရဲ့လား
 ကဗျာသရုပ်ဖော်ဒီဇိုင်း  ကိုကြည်နိုင်
ပွဲတော်ဆိုတာ ဧည့်ခံပန်းတွေနဲ့ ပြင်ထားတဲ့ နေရာ
( သို့မဟုတ် ) နှလုံးသွေးများ စီးဆင်းရာ ရွာဦးစေတီ
ဂျပန်ခေတ် ပိုက်ဆံမှာတော့ စေတီကို ဦးစားပေးခဲ့ပါတယ်
ဒီဖက်နားက ဟိုဖက်နားကို ပြောင်းလို့ မရတဲ့အခါ
နားလည်အောင်လှည့်ပေးလိုက်တဲ့ အပူ + အအေး = ဒဏ်ရာ ... ။
ရာဘာဘီးတွေက သံတမန်နည်းပညာကို သုံးပေမယ့်
ရာဘာခြံပိုင်ရှင်တွေက မာနဈေးနှုန်းတွေမြှင့် ... ။
များများစမ်းသတ်မှ ဆိုပြီး အချိန်တွေကို ချိန်တွယ် ထုပ်ပိုး
နာနိုစက္ကန့်ပေါ်မှာ ကောင်း / ဆိုး တွေက ဖြစ် ၊ ပျက်
လောကကို ပုံဆောင်ခဲတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုရင်
အက္ခရာပုံဆောင်ခဲ ( ရှိ / မရှိ )
X axis = တန်းတူညီမျှရေး
Y  axis = တရားဥပဒေ စိုးမိုးရေး
Z  axis = ငြိမ်းချမ်းရေး
စိတ် ဖြာ ကြည့် ( မသေချာဘူး ) စိတ်က ဖျာကို ကြည့်
အသိသဘောတွေ ငြင်းခုံနေတုန်းမှာ
မသိသဘောတွေက စစ်ချီတေးနဲ့ ကမ္ဘာကိုလှည့်ပတ်နေပြီလား ... ။
သူတစ်ပါးဝါဒကို လိုက်ရွတ်ရင်း ချောတိုင်ကို ငေး
အနုပညာလမ်းဘေးသစ်ရိပ်မှာ အလှူခံတွေ များလာသလား
ရေချမ်းစင်ရဲ့ ပြာသိုအိုးလေးထဲက ရေကိုသောက်ပါ
ရေခွက်တွေက ပျောက်နေတုန်းလား ... ။
ဆူးနဲ့ ဆူးချင်း ပွတ်သပ် မီးကူး ၊ ကိုင်းကူး ၊ အနှစ်ကူး
အကူးအပြောင်းမှာ ငြိမ်းချမ်းမှုရဲ့ လွတ်လပ်ရေးပွဲတော် ရှိလား
ခင်ဗျား အရောက်လာနိုင်ပါ့မလား ၊ အဲဒီ ပွဲတော်
ကျွန်တော် အရောက်သွားနိုင်ပါ့မလား ၊ အဲဒီ ပွဲတော်  ...
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 30 ; 10 ; 2012 )
 http://www.shwedaungtaung.com/poem/39-poem/434-2012-11-03-02-39-16.html တွင်
( 2 ; 11 ; 2012 )မှစတင်၍ ဖော်ပြထားသော ကဗျာ ဖြစ်ပါသည် ... ။
ကျေနပ် ၀မ်းသာ ကြည်နူးစရာ
$
0
0
                     ကျေနပ် ၀မ်းသာ ကြည်နူးစရာ
                ယုံကြည်မှုတည်ဆောက်ခြင်းဆိုတာ မလွယ်ကူသောအလုပ်ဖြစ်ပေမယ့် မလုပ်ရင်မဖြစ်တဲ့
လူသားတိုင်းကတတ်နိုင်သလောက်လုပ်ကြရမယ့် အလုပ်လည်း ဖြစ်လို့ နေပြန်ပါတယ် ။ ယုံကြည်မှု တည်ဆောက်တဲ့အခါ အရင်က ကြုံခဲ့တာတွေကို ပြန်ပြန်သတိရနေတတ်တာကလည်း နှောင့်နှေးမှု ကို ဖြစ်စေတတ်ပြန်ပါတယ် ။ ဒါပေမယ့် အနာဂတ်ကို ကြိုတင်တွက်ဆကြရာမှာ သမင်လည်ပြန်အတွေးက အထောက်အကူပြုနေတာကလည်း အကြောင်းတစ်ခုပဲ မဟုတ်ပါလား ။
               ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဝင်းနိုင်မှ လပွတ္တာမြို့နယ် ၊ လပွတ္တာမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်( ၁ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၏ အမေးကို ပြန်လည်ဖြေကြားသည့်သတင်းမှာ ( ၁၁ - ၁၁ - ၂၀၁၁ ) ရက်နေ့ထုတ် လွှတ်တော်သတင်းလွှာတွင် ပါဝင်ခဲ့ပါတယ် ။ ယခုဘဏ္ဍာရေးနှစ်ဖြစ်သော ( ၂၀၁၁-၂၀၁၂ )
ခုနှစ်အတွင်း အ.ထ.က ( ၂ ) ကျောင်းလမ်း ( ၁၂၂၀ ) ပေအား ခွင့်ပြုရန်ပုံငွေ ကျပ် ( ၈၄.၄ ) သိန်းဖြင့် ကျောက်ချောခင်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း ၊ ဆက်လက်၍ ( ၂၀၁၂ - ၂၀၁၃ ) ခုဘဏ္ဍာရေးနှစ်အတွင်း ပညာဒီပလမ်း ( ၁၄၀၀ ) ပေအား လျာထား ရန်ပုံငွေ ကျပ် ( ၁၅၆.၄ )သိန်းဖြင့်
ကျောက်ချောခင်းခြင်းကိုလည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်သည့်လမ်းများကို လည်း လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူကာနှစ်အလိုက်စီမံချက်များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ် ပါကြောင်းဖြေကြားမှုကို စာမျက်နှာ- ၉ တွင်ဖော်ပြထားပါတယ် ။ ဘိုးရာဇာလမ်း ( ၁၄၀၀ )ပေ အတွက် ကျောက်ချောခင်းခြင်းကို မည်သည့်အချိန်တွင်ဆောင်ရွက်နိုင်မည်ကို မဖော်ပြခဲ့ပါ ။ 
               သို့သော် ... နိုဝင်ဘာလ ၊ ၂၀၁၂ ၊ခုနှစ်တွင်ဘိုးရာဇာလမ်းအတွက် ကျောက်များချထားနေတာ ကို ရပ်ကွက်သူရပ်ကွက်သားများတွေ့ရတဲ့အခါ တော်တော်လေး အငြင်းပွားနေကြပါတော့တယ် ။  “ ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုးဆိုတာ ဓာတ်ပြားဟောင်းဆိုတော့ ထပ်ထပ်ဖွင့်ပြနိုင်တာပေါ့ကွာ ။ ပြီးတော့လည်း ပြီးတာပါပဲ ဆိုတဲ့ ဇာတ်လမ်းကမြန်မာပြည်တွင် ရိုက်သည် ဆိုတာ မဆန်းတော့ပါဘူး ။ အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ မရိုးနိုင်တာ လူတိုင်းအသိပါ ။ မျက်လှည့်ပြသလိုအ၀တ်အစားပြောင်း တာတွေ့ဖူးပြီးပါပြီ ။ ပြည်သူ့အကျိုး ဒို့သယ်ပိုး ဆိုပြီး ဒို့ တွေက သယ်လိုက်ပိုးလိုက်ကြတာ ပြည်သူတွေမှာ အကျိုးတွေပဲ ဖြစ်ကျန်နေတာ ကြာပေါ့ ။” ... စတဲ့စကားတွေဟာ အထွေထွေအပြားပြား ပေါ်ပေါက် လာပါတော့တယ် ။ နောက်တော့ “ ကဲ ... ကိုယ့်အားကိုယ်ကိုး အုတ်ခဲကျိုးတွေနဲ့ပဲလမ်းဆက်လျှောက် ကြတာပေါ့ ” ဆိုတဲ့ အားပျော့သံတွေကလည်း ညံစီစီ ...
                ဒီလိုစကားတွေကိုလည်း အကြောင်းမဲ့တော့ ပြောနေကြတာ မဟုတ်ပါဘူး ။ 1992 - ခုနှစ်ခန့် မှာ အမှတ် ( ၁၀ )ရပ်ကွက်ရဲ့အလယ်က အနော်ရထာလမ်းမကြီးဟာ အရေးကြီးပုဂ္ဂိုလ်ကြောင့် နေ့ချင်းပြီး ကတ္တရာလမ်းဖြစ်သွားတာကို ကြုံခဲ့ကြဖူးပါတယ် ။ အသားမသေတဲ့အခါ တဖြည်းဖြည်း ချိုင့်လို့ ခွက်လို့
လှိုင်းလွန့်လူးတဲ့ ကတ္တာလမ်းအဖြစ်ကို ပြောင်းသွားရပါတယ် ။ နာဂစ်ကာလအပြီးမှာ ဗွက်ပေါက်နေလို့ အပြည်ပြည်ဆိုင်ရာရန်ပုံငွေတွေနဲ့ ထပ်ပိုးလွှာတွေတင်လိုက်တော့ ကတ္တရာလမ်းဟာကောင်း သွား ပြန်ပါတယ် ။
                  နာဂစ်ကာလမှာလည်း လူနှစ်ဦးခန့်သာ ကွယ်လွန်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ကုလ သမဂ္ဂ ၊ အာဆီယံ နဲ့ မြန်မာ ပေါင်းစည်းအဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုမှာ သိန်းနဲ့ချီသေဆုံး ၊ သိန်းနဲ့ချီပျောက် ဆုံး ၊ ကြက် ဘဲ ၀က် ၊ ကြက်ဥ ဘဲဥကအစ စာရင်းတွေ တိကျနေပြန်တာကိုလည်းကြုံခဲ့ရတဲ့ ပြည်သူ လူထု ဖြစ်ပါတယ် ။
                  လမ်းအတွက် ပြောဆိုနေကြတဲ့ အချိန်အတွင်းမှာပဲ အချို့သောပုဂ္ဂိုလ်တို့က ဒို့အတွက်
မေးမြန်းစရာ     လွှတ်တော်ကိုယ်စားလှယ်တွေ   ရှိနေတာပဲရယ်လို့ သတိရလိုက်ကြပါတယ် ။
နောက်တော့ အငြိမ်းစားကျောင်းအုပ်ကြီး ဦးဝင်းကြိုင် ၊ရှေ့နေကြီး ဦးဝင်းဆွေ ၊ အထက်တန်းပြ ဆရာမ ဒေါ်နုနုရည် ၊ ကုန်သွယ်မှုနဲ့ပန်းချီလုပ်ငန်းလုပ်သူ ဦးအေးချိုတို့ စုပေါင်းပြီး ( 17 ; 11 ; 2012 ) ရက်နေ့မှာ လပွတ္တာမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်( ၁ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးထိန်လင်းရဲ့ အိမ်ကို အရောက်သွားပြီး မေးမြန်းကြည့်ကြပါတော့တယ် ။ 
                 အဲဒီအခါ ဦးထိန်လင်းက လွှတ်တော်သတင်းလွှာတွင်ပါဝင်သည့်အတိုင်း ပညာဒီပလမ်းအား
ကျောက်ချောခင်းခြင်းကို ဆောင်ရွက်မည်ဖြစ်သကဲ့သို့ လပွတ္တာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ တိုးချဲ့ရန်ပုံငွေမှလည်း ဘိုးရာဇာလမ်းကို ကျောက်ချောခင်းသွားမည်ဖြစ်ကြောင်းသိရှိခဲ့ရပါတော့တယ် ။
မဲဆန္ဒရှင်ပြည်သူလူထုရဲ့စုံစမ်းမှုကို ရှင်းလင်းဖြေဆိုပေးတဲ့အတွက် ပွင့်လင်းမြင်သာမှုဟာ ပြည်သူလူထုထံ ကို စီးဆင်းလာခဲ့ပြီလို့ ဆိုနိုင်ပါတယ် ။ သွားရောက်စုံစမ်းသူများကလည်းသတင်းစကားကို ပြန် လည်ပြောပြကြလို့ ရပ်ကွက်သူရပ်ကွက်သားများမှာ အထင်အမြင်လွဲမှုတွေ အားပျော့ပျောက်ပျက် သွားကြရပါတယ် ။ ရပ်ကွက်သူ ရပ်ကွက်သားတွေလည်း ၀မ်းသာအားရဖြစ်ကြရပါတယ် ။ ယုံကြည်မှုတွေ ပိုမိုလာရပါတယ် ။ ပြည်သူလူထုရဲ့ စိတ်အားလျော့မှုတွေ ၊ ကြောက်ရွံ့မှုတွေကို ဖြေလျော့ပေးလိုက် တာဖြစ်ပြီး ပွင့်လင်းမြင်သာမှုကတစ်ဆင့် ရိုးရှင်းမှုကိုခံစားရကာ ယုံကြည်မှုကို တည်ဆောက်လိုက်တာ ပဲ ဖြစ်ပါတယ် ။ 
                  ဒီနေ့  အချိန်ဟာ အလုပ်တွေကို      ပိုပြီးများများ      လုပ်ဆောင်ကြရမယ့်အချိန်ပါ      လို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို                 ခေတ်မီဖွံ့ဖြိုးတိုးတက်သော
မြန်မာနိုင်တော်ကြီး အမြန်ဖြစ်ပေါ်ရေးအတွက် အလုပ်တွေကို အားကြိုးမာန်တက် လုပ်ဆောင်နိုင်ဖို့ လွှတ်တော် ၊ အစိုးရ၊ ပြည်သူ့ဝန်ထမ်းများရဲ့ အားတွေပေါင်းစည်းပေါ်ပေါက်နေပြီလို့ ထင်မြင် ယူဆနေမိပါတော့တယ် ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( Nov ; 20 ; 2012 )
အရူး အမူး
$
0
0
အရူး အမူး
http://www.thithtoolwin.com/2012/11/blog-post_5944.html?utm_source=BP_recent#.ULX0N1LtvCM
ငါ ဆိုတဲ့ သူ က
သူများကိုလည်း မသောက်ဘူး
ကိုယ့်ကိုလည်း မသောက်စေရဘူး
ကိုယ့်ကိုယ်ကိုယ်လည်း မသောက်ဘူး
ဒါပေမယ့် ၊ အခုတော့
ဒို့ နှလုံးသားတစ်စုံကို
ဖဲကြိုးဝါနဲ့သာ ချည်နှောင်ခွင့် ရမယ်ဆိုရင်
အသက်ပေးပြီး သောက်ပါတော့မယ်
အဲဒီ အချစ်ရည်ကို ... ။
( တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်ချိန်မှာ လူပျိုကြီး ၊ အပျိုကြီးများလည်း မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်နဲ့အတူ လိုအင်ဆန္ဒတွေပြည့်ဝကြပါစေဆိုတဲ့ စေတနာစိတ်ထားနဲ့ကိုယ်စား ခံစားရေးဖွဲ့ပေးလိုက်တာဖြစ်ပါတယ် ။ )
www.passportchop.com
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( Nov ; 27 ; 2012 )
လှိုင်းသစ် ပွင့်တဲ့အခါ
$
0
0
လှိုင်းသစ် ပွင့်တဲ့အခါ
 ဒီဇိုင်း ကိုကြည်နိုင်
အစိုးရဟူသည်ကို ပြည်သူများက ထိန်းချုပ်ထားရမည်ဖြစ်ကြောင်း
ပြည်သူများကို အစိုးရက ထိန်းချုပ်ထားရမည် မဟုတ်ကြောင်း -ဒေါ်အောင်ဆန်းစုကြည်
ombudsman ဆိုတဲ့ စကားလုံးမပါရင် ဒီအဘိဓာန်စာအုပ် ဘာလုပ်ရမှာလဲ
ပတ်ဝန်းကျင်ကို ပင်အပ်နဲ့ထိုးပြီး နံရံမှာပြောင်းပြန်ကပ်ထားလိုက်တယ်
ရွေးချယ်ခွင့်က ပထမဆုံးတစ်ကြိမ်သာလာပြီး နောက်အကြိမ်ပေါင်းများစွာပစ်ချခံရတာချည်းပဲ
မျက်စေ့စုံမှိတ် ရေထဲခုန်ချလိုက်ပြီးမှ ကိုယ်ဖော့နည်းကို တီးမိခေါက်မိမရှိတဲ့ ကိစ္စမှာ
မေဘယ် - ဗဟုဝါဒခေတ်မှာ အဖြူ/အမည်း စံနစ်နဲ့တော့ မဖြစ်တော့ဘူး အခုအချိန်မှာ
ငါဟာ gray area thinking နဲ့ ဘ၀ကိုမြည်းစမ်းနေဖြစ်ခဲ့ပြီ
ရယ်သံကို  ထိုးထွင်းမြင်လိုက်ရတယ် ဒန်တေးရဲ့ ငရဲခန်းပျို့လို ဂျုန်းမီရိုးရေ ရူးလား
နှလုံးသားတွေက သပွတ်အူ မြင်သူရှက်စရာ ဇာတ်ကွက်တွေက ဗလပွ
လူ့သဘာဝသဘောတွေကို ကိုရီးယားမာယာ မနောတွေနဲ့ညှိ
စက်ညပ်ပိ၍ ၊ သေလိခမန်း၊ သွေးအိုင်လွှမ်းသည် ၊ စက်ခန်းထဲမှာ လူတစ်ယောက် ။
အင်း ... တော်ပါသေးရဲ့ ၊ စိတ်အေးရွှင်ပျ ၊ ပင့်သက်ချသည် ၊ စက်က ဘာမှ မဖြစ်လို့ ။
ကြောင်စာကိုကြိုက် ကြောင်အမိုက်ကြောင့် ပေါင်ပုတ်လို့ မခုန်နိုင်ရင်
ဆေးမင်ကြောင် စုတ်လွဲ ပညာခန်းမွဲလိမ့်မယ် ။
မျက်ရည် တစ်စက်တစ်ပေါက်တွေက ပင်လယ်ရေ မခန်းခြောက်အောင်
ချေချင်ညာ မြရောင်အနာဂတ်မှာ မနက်ခင်းပျောက်ဆုံးလို့ပါလား
ဒုက္ခသည်ရဲ့ငြီးတွားသံ ကွန်ပတ်အိမ်မြှောင်ပေါ်ကလက်တံ ဘယ်အရာမှ မတည်ငြိမ်ဘူး
သံမဏိနဲ့ပြုလုပ်ထားတဲ့ ဝေလငါးကြီးတွေ ဆိုမာလီကမ်းလွန်ပင်လယ်ပြင်မှာ သွေးအလူးလူး
ကလေးများနဲ့မိခင်တွေ ငြိမ်းချမ်းရေးတေး ဆိုပါစေ
ရာဇ၀င်ထဲမှာ အဏုမြူဗုံးကို ထားခဲ့လေ ကမ္ဘာစစ်ကြီး မဖြစ်စေနဲ့
အနောက်ဘက်က “ နေးလ်ကက်စဒီ ” ကွယ်လွန်ပြီဆိုတဲ့ သတင်း ဖုန်းတစ်ဘက်က
“ ပီကာ ” ရဲ့ချိုးငှက်ကူသံလို ကြားလိုက်ရပေါ့ ပျော်ရွှင်မှုဆိုတာ မကုန်မခမ်းနိုင်တဲ့အကြောင်း
ဝိညာဉ်မှ ၀ိညာဉ် လမ်းကြောင်းတွေပေါ့ - အလန်ဂျင်းစ်ဘတ်
ငိုထားတဲ့ မျက်ခွက်တွေမှန်း ငိုထားတဲ့ မျက်ခွက်ရှိဖူးတေ့ သိ ပြန် ပြန် ငိုရမလား
“ စစ်နဲ့ ငြိမ်းချမ်းရေး ” တဲ့ ဒီမိုကရေစီပါပဲ ခင်ဗျားဘာကိုရွေးမလဲ
ကိုယ်တိုင်မစိုက်ထူခဲ့သော ကိုယ့်မှတ်တိုင်များ “အားလုံးကောင်းဗျ” ဆိုတဲ့ အလံအောက်က
တာတပေါဟင်းတစ်ခွက်စာတပ်မက်တုန်း ထောင်ဝင်စာပိတ်ရက်ဆိုတာ ကြုံတွေ့ရမယ့်ကိစ္စရပ်ပဲ
မီးတစ်ခြမ်းရေတစ်ခြမ်းမုန့်ကို လုစားနေကြတဲ့ ကလေးတွေပဲ သံသရာကကော်ဖီတစ်ခွက်ဆိုရင်
ဘယ်လိုပြန်ပြီးဖျော်ဖျော် သကြားဓာတ်တွေ လေထဲမှာ အငွေ့ပြန်သွားမှာပဲ
အမှန်လည်းမရှိဘူး အမှားလည်းမရှိဘူး ဆော့ခရတ္ထိသောက်သလို ဘယ်သူမှ မော့မသောက်ဘူး
ငါ့လက်ကိုပုတ်မချပါနဲ့ ခွက်ထဲမှာလည်း ဘာမှ မရှိဘူး
သစ်တော့ သစ်ပစေနော် လည်လို့ကဗျာရေးလို့ရတာပေါ့
ကြက်ကောက်ကောက် ခွေးအန်အန်နေရတာလည်း သိတယ်
စင်ပေါ်မှာထင်ပေါ်သူအများနဲ့ ခွေးကျိုးနဲ့ ယုန်လိုက်တယ်
ရှက်ရအောင် လက်မဖြတ်ကြေး ကျည် အ ပြီးရယ်ပြကြတဲ့အထိ
ရော့ ... ငါမပစ်လိုက်တဲ့ကျည် သစ္စာပန်းထဲ ထည့်ပွင့်လိုက်
လှသန်းဟာ ခေတ်ကဖွဲ့စည်းထားတဲ့ လက်မရွံ့ ကဗျာဆရာ ၊ သေရဲမှ လှသန်းကိုဖတ်
လူသားရဲ့ ဂုဏ်သိက္ခာကို လူ့နှလုံးသားထဲ ပြန်ထည့်ပေးလိုက်သူ ဘူအာဇီဇီ
နယ်စည်းမခြားအမှန်တရား စပယ်ဖြူဖြူများ နယ်စည်းမခြားအမှန်တရား ဘူအာဇီဇီ
အဆက်အစပ်မဲ့တွေကို အဆက်အစပ်ပြုချင်တဲ့အခါ မဆိုင်ဘူးထင်တာတွေက
ကိုယ့်ရှေ့တည့်တည့် ရောက်လာတတ်တယ် ကဗျာကရှားလို့ နိုင်ငံရေး နည်းနည်းစွက်လိုက်တယ်
အမေနဲ့အတူ လိုက်ကြ ညီညွတ်တဲ့တေးကိုဆို ခွပ်ဒေါင်းပျိုချီရာကို လှမ်းကြစို့
ညည့်နက်နက်ထဲက ပစ်လွှတ်တတ်တဲ့ မြားချက်တွေအတွက်
ခြေရာတွေကို ပြောင်းပြန်လှည့်ထားလိုက်တယ်
ကြောက်လို့ ကိုးကွယ်ရ ကြောက်လို့ဆက်သရ ကိုယ်တော်ကြီးက သေလူဆိုတော့
ဆောရီးပါ သမိုင်းက လက်ပိုက်ကြည့်မနေတတ်ဘူး
ကျွန်မ လူကြီးမင်းတို့ကို စိန်ခေါ်လိုက်ပရစေ
ကျေးဇူးပြုပြီး ပြောသလိုလုပ်ကြပါ - ၁၂-နှစ်အရွယ်ကနေဒါနိုင်ငံသူ Severn Suzuki
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
ငြိမ်းစိုးဦး
( Nov ; 23 ; 2012 )
------------------------------------------------------------------------------------------
ဇူလိုင်လ ၊ ၂၀၁၂ - ခုနှစ် ၊ လှိုင်းသစ်မဂ္ဂဇင်းမှ
ဇော်ဇော်အောင် ၊ ခရမ်းပြာထက်လူ ၊ မှိုင်း(ဆေး-၂) ၊ မင်းထက်မောင် ၊ တိုးနှောင်မိုး ၊ ကိုချယ်ရီ(ပုသိမ်)
မောင်လေးအောင် ၊ မဟာ - မိတ် ၊ မောင်နီမြင့် ၊ ပုသိမ်မောင်ရွှေမူ ၊ ဥက္ကာကျော် ၊ မောင်ဖုန်းမြင့်
စိုးမြင့်သိန်း ၊ ကောင်းသာ ၊ လင်းခါး ၊ မောင်နေသစ်(ခင်ရေဦး) ၊ လူရန်ဧ ၊ လင်းသုန်(ခင်ဦး) ၊ ရိုးမြေ
ကြည်ဇော်အေး ၊ မြတ်လင်းထွေး ၊ အေးဇော်(၁၁၆၆၆) ၊ လွှမ်းရုံ ၊ ကိုရွေး ၊ မိုးဦးဆွေညိန်း ၊ နေထက်နိုင်
သီဟနှင်းစော ၊ ရင်ရိုး(မတ္တရာ) ၊ မင်းစိုးရာ ... တို့၏ စာသားများကို ဆက်စပ်ထားခြင်းဖြစ်ပါသည် ။
 http://www.shwedaungtaung.com/တွင် ( 26 ; 11 ; 2012 ) မှစတင်၍
ဖော်ပြထားသော ကဗျာဖြစ်ပါသည်။
( ၉၂ ) နှစ်မြောက် အမျိုးသားနေ့မှာ
$
0
0
 ( ၉၂ ) နှစ်မြောက် အမျိုးသားနေ့မှာ
http://media.economist.com/sites/default/files/imagecache/290-width/images/2012/10/blogs/banyan/myanmar_at_night.jpg 
www. economist.com
              အခုတစ်လောမှာ မိဘတွေလည်း ကျောင်းသားလေးတွေနဲ့ အတူ ဟိုရှာ ၊ ဒီရှာ ရှာဖွေနေ ကြတာကို တွေ့ရပါတယ် ။ သူတို့လိုချင်တာက အမျိုးသားနေ့ အမှတ်တရ ကဗျာပါ ။ နှစ်ပေါင်း များစွာ မေ့လျှော့နေကြရာကနေ နိုးထလာကြပြီး ဒီနှစ်မှာတော့ ကျောင်းတွေမှာ ကဗျာတွေရွတ်ကြ ၊
စာစီစာကုံးပြိုင်ပွဲတွေကျင်းပ လုပ်ကြမှာမို့ ပါဝင်ကြရမယ့်ကျောင်းသားတွေနဲ့အတူ မိဘတွေပါ အလုပ်ရှုပ်နေကြတာပါ ။ အမှတ်တရ ကဗျာလေးတွေကို ပုံနှိပ်မှုတွေပျောက်ကွယ်နေတာကြာ
နေပြီမို့ နှစ်ပေါင်းများစွာက စာစောင် ၊ မဂ္ဂဇင်းတွေကို လှန်လှောကြရတာပါပဲ ။ နောက်ဆုံးတော့ အမျိုးသားနေ့နဲ့ခပ်ဆင်ဆင် ပတ်သက်ရင်တော်ပြီဆိုပြီး ကဗျာတွေကူးကြ ရွတ်ကြ လုပ်ခဲ့ကြပါတယ် ။
မိဘ တစ်စုံကတော့ ကျွန်တော့်ဆီကို ရောက်လာပြီး ဆရာရေးထားတာများရှိရင် လိုချင်ပါတယ် လို့ ပြောလာပါတယ် ။ ကဗျာကိုကျက်ပြီး ပြန်ရေးကြတဲ့ ကဗျာရေးပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့မဟုတ်တာမို့ နည်းနည်းစာစီလိုက်ပါတယ် ။
            ဒီလိုစာစီပေးတာကို ဖတ်ကြပြီး ဆရာကလည်း သပိတ်မှောက်တာတွေရော ၊ ဒေါင်းတွေရော ပါနေတာ ဘာလို့လဲလို့ မေးကြပါတယ် ။ အမျိုးသားနေ့ဆိုတာ တက္ကသိုလ်ကျောင်းသားတွေက သပိတ်မှောက်တာကို အကြောင်းပြုပြီးပေါ်ပေါက်လာတဲ့အကြောင်း ရှင်းပြရပါတယ် ။
   မိဘတွေဖြစ်နေကြပေမယ့် အသက်ကလေးဆယ် ၀န်းကျင်တွေဆိုတော့မြန်မာ့သမိုင်းစဉ် ကို မေ့မေ့လျှော့လျှော့တွေ ဖြစ်နေကြတာပါ ။ တချို့ဆိုရင် အမျိုးသားနေ့ ရှိမှန်းတောင်မသိတဲ့သူတွေရှိပါတယ် ။ အခုလည်း ဒီမိဘတွေမှာ ကဗျာကိုဖတ်ပြီး သူတို့ကလေးနဲ့တော့ သိတ်မဖြစ်ဘူး ဆိုပြီး ကဗျာကို
ချန်ထားလို့ပြန်သွားကြပါတယ် ။ သူတို့ ဘယ်လိုတွေးတောကြတာလည်းဆိုတာကို မှန်းပြီး မနေတော့ပါ။            
           ကျွန်တော်တို့ ကျောင်းသားဘ၀တွေမှာ အမျိုးသားနေ့ဆိုရင် ကျောင်းမှာ စုဝေးကြပါတယ် ။
အလံလေးတွေကိုယ်စီကိုင်လို့ မြို့ထဲကို `` အမျိုးသားနေ့ ဒို့ နေ့ ဒို့နေ့ ´´ဆိုပြီးစီတန်းလှည့်လည်ကြပါ
တယ် ။ ပစ်မယ့်ခတ်မယ့်သူလည်း ဘယ်သူမှ မရှိတော့ လမ်းတွေပေါ်မှာ သွေးရဲရဲ သံရဲရဲ ဆိုတာတွေလည်း မရှိခဲ့ပါဘူး ။ မြို့သူမြို့သားတွေက ကောက်ညင်းပေါင်း ဆီထမင်းစတာတွေကို အထုပ်ကလေးတွေ နဲ့ ဝေငှကြပါတယ် ။ မြို့တစ်ပတ်လည်ပြီးတဲ့အခါ ကျောင်းမှာ ပြန်လည်စုဝေးကြပါတယ် ။ ခန အနားယူကြပြီး ကျဖမ်းစကားပြောပွဲလို အဆင်ပြေရာ အခမ်းအနားတွေကို ကျင်းပကြပါတယ် ။ ပျော်ရွှင်စရာနေ့အဖြစ်ဖြတ်သန်းခဲ့ရာကိုလွမ်းမိပါတယ် ။ ဒီလို မြန်မာတစ်မျိုးသားလုံးရဲ့သမိုင်းဝင်နေ့ကို နှစ်စဉ်ပြုလုပ်ခြင်းဟာ ဆရာကြီးဇေယျရဲ့ ( ၁၁ . ၁၁ . ၁၉၅၂ ) ခုနှစ်က ဟံသာဝတီသတင်းစာမှာရေးခဲ့တဲ့ ဦးလေးကြီး၏ အမျိုးသားနေ့ဆောင်းပါးအရဆိုရင် တစ်နှစ်တစ်ကြိမ် အရောင်တင်ပေးခြင်း ( သို့မဟုတ် ) ခေတ်စကားအရ အင်ဂျင်ဒေါင်းခြင်း ( သို့မဟုတ် ) သီရိပဝေသနဘိသိတ်ခံခြင်းဆိုတာကို သိမှတ်ခဲ့ရပါတယ် ။ အဲဒီလို အရောင်မတင်နိုင်ခဲ့လို့များ ဒို့မြန်မာတွေ အရောင်တွေညှိုးနွမ်းမှိန်ပြယ်ခဲ့ကြတော့တာလားလို့တွေးဆရင်း ကိုယ့်အလွမ်းကိုသာ အဖော်ပြုပြီး ကျန်ခဲ့ရပါတော့တယ် ။ ကိုယ့်မြန်မာ အမျိုးသားရဲ့ ဂုဏ်အရောင်ကို ၀င့်ထည်အောင်ဆောင်ရွက်နိုင်ကြပါစေလို့လည်း ဆုတောင်းနေမိပါတယ် ။ ကျွန်တော် စာစီမိတာလေးကတော့ ဒီလိုပါ ။
အမျိုးသားနေ့ကိုသာလွမ်း
ဒေါင်းမြန်မာ တတားနီဆောက်
သပိတ်မှောက် ကျောင်းသားတွေ ။
တစ်ကိုးနှစ်ဆယ် တက္ကသိုလ် အက် ( Act )
ချိုးဖျက်လိုပေ ။
လွတ်လပ်မှု ၊ တန်းတူမှုတွေကို သိမ်းကာချုပ်ပါလို့
ပြည်သူရဲ့ သွေးကို စုပ်ပါတဲ့
နယ်ချဲ့ယုတ် အကြံတွေ
အမျိုးမှန် အဖိုးတန်စွာ တွန်းလှန်ကာလှုပ်ရှား ။
ပညာအရောင်နှင့် အမှောင်ကိုခွင်းပါလို့
အစဉ်လာအခေါင်ဝင့် တန်ဆောင်ပို လင်းစေခဲ့
ပြည်မြန်မာအတွင်း အမျိုးသားရေး အလံထူ
လွတ်လပ်ရေးကို အရယူနိုင်ခဲ့တယ်
စွမ်းသူတို့ အား
( သြော် ... နှောင်းအတိတ်ရဲ့ ကောင်းအရိပ်ပါကွဲ့ )
မမေ့ကြစေသား ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( Dec ; 8 ; 2012 )
သင်ခန်းစာ ၁၂. ၁၂. ၁၂
$
0
0
သင်ခန်းစာ ၁၂. ၁၂. ၁၂
http://www.tagtravelclub.com/wordpress/wp-content/uploads/2011/10/12-12-12c.jpg
www.tagtravelclub.com
တစ်နောက်ကို နှစ်ကလိုက်ရင်း
နှစ်ရှေ့မှာ တစ်ရှိနေသလို
အထားအသို မှန်ကန်ဖို့က
ဂုဏ်ရည်တန်ဖိုး လိုမယ်ထင် ...
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 12 ; 12 ; 12 )
မြင်မိလိုက်ပါသလား
$
0
0
မြင်မိလိုက်ပါသလား
http://upload.wikimedia.org/wikipedia/commons/archive/b/be/20121109171239%21Frog_%C5%BE%C3%A1ba.gif
      http://en.wikipedia.org/wiki/File:Frog_%C5%BE%C3%A1ba.gif
      ဟိုင်း
      ဟိုင်း ... ဘယ်သူပါလိမ့်
      ကျွန်တော် ကိုရွှေဖားပါ ။
      သြော် ... ကိုရွှေဖားလား ။ ခင်ဗျားကို တွေ့လိုက်တော့ မိတ္ထိလာ ကန်တော်အောက်က ဖားကောက် ခဲ့ပါ ။ ဖားပါလျှင် တစ်ကောင်ပေးပါ့ ။ မျက်လုံးရယ်ကြောင်တောင်တောင်နဲ့ ဖားကောင်က သေး ... ဆိုတဲ့
သားချော့တေးတောင် သွားသတိရမိသေး ။ ဒါနဲ့ ခင်ဗျားကျတော့ ဆူဖြိုးလို့ပါလား ။
      ဟဲ ဟဲ ကျွန်တော်က နိုင်ငံခြားသား ဖားလေဗျာ ။ ခင်ဗျားတို့ မြန်မာတွေအတွက် ဖားက သေးပေမယ့် ကလေးကို ကြောက်အောင် ခြောက်ထားတာဆိုရင် မမှားပါဘူးဗျ ။
      ကြောက်အောင်ခြောက်တာတော့မဟုတ်ပါဘူးဗျာ ။ ပတ်ဝန်းကျင်ကို ရင်းနှီးပြီးစောင့်ရှောက်ချင်စိတ် ရှိအောင် သားချော့တေးအဖြစ် ဆိုတာနေမှာပါ ။ ဂျပန်စာဆိုကြီးဗသျှိုးရဲ့ အိုင်ထဲကို ခုန်ဆင်းသွားတဲ့ ဖားလည်းရှိတယ်လေ ။ ခင်ဗျားတို့ အမျိုးတွေမဟုတ်လား ။ လူ့လောကရဲ့  တဒင်္ဂကို   ဖန်တီးပြ   ထားတာ
တရားအသိကို ညိသွားတာပါပဲ ။ သမုဒ္ဒရာထက် ခနတက်သည့် ရေပွက်ပမာ တစ်သက်လျာတည့် ဆိုတဲ့ မဟာရာဇ၀င်ကြီးထဲက လင်္ကာနဲ့ နှိုင်းယှဉ်ပြီး လူ့ဘ၀မှာနေရတုန်းခနတာကို ရန်မများအောင်၊ အကုသိုလ် မများအောင် ကြိုးစား သင့်တယ်လို့ တရားအလှကို အလှတရားနဲ့ ဖော်ထုတ်ထားတာ ကောင်းပါ့ ။
      လူတွေအတွက်တော့ တရားတွေပေါ့ဗျာ ။ ကျုပ်တို့လို တိရစ္ဆာန်တွေအတွက်ကတော့ ခနတာဆိုတဲ့ သဘောကိုဖျောက်ပြီး တရားရဲ့  အနောက်ကို ခုန်ဝင်လိုက်ကြတာ ။ အညှီရှိရင် ယင်အုံတယ်ဆိုသလိုပါပဲ ။
        ခင်ဗျားက ယင်ကောင်မှ မဟုတ်ပဲ ဘယ်လို အုံမှာလည်းဗျ ။
      လောကအိုင်အိုကြီးထဲမှာ အညစ်အကြေးတွေက မသန့်စင်နိုင်လေ များပြားစုပုံလေပေါ့ ။ ကျုပ်တို့ ဖားတွေက အဲဒီမှာလာအုံကြတာကို အာပာာရလုပ်တာပါ ။ အခွင့်အခါကိုတော့ စောင့်ရပါတယ် ။ ကျုပ်တို့လျှာကခေါက်လိုက်ဖြန့်လိုက် လုပ်လို့    ရတယ်လေ ။   နင်းပြီးတက်နိုင်ရမယ် ။ လောကကြီး ထဲမှာကလည်း    လောဘ  နဲ့အချောင်ရချင်သူတွေ ၊ ကြောက်အောင်ခြောက်ပြီးထိန်းချုပ်လို့ ကိုယ့်အတွက်ပဲ အမြတ်ထုတ်ချင်သူတွေ ၊ ဘယ်သူသေသေ ငတေမာတွေရှိပါ့ဗျား ။ အဓ္ဓမ ခိုင်းစေလို့ လုပ်စားတာမျိုးတွေ ၊ အများပိုင်ကို တိုးတိုးတိတ်တိတ်နဲ့ ကိုယ့်အတွက်ကဲ့ယူတာမျိုးတွေဟာ ကျုပ်တို့အတွက်တော့ မဆန်းပါဘူး ။ ရေညှိတွေဒိုက်ဖတ်တွေကြားမှာ အသာပုန်းနေပြီး အကွက်ချောင်းတဲ့ အတတ်တော့ပိုင်နိုင်ရမှာပေါ့ ။ လူကုန်ကူးသလိုပေါ့နော် ။ တစ်ပါးသူကို ခိုင်းစားတတ်ရသေးတယ် ။ သားကောင်လေးတွေ ကိုလည်း မွေးထားရသေးတယ်ဗျ ။ ကိုယ့်စားခွက်ကို လုလာရင်တော့ အနားပေးလိုက်ရတာပေါ့ဗျာ ။ ကိုယ့်ကနစ်နာမယ်ထင်ရင် ဝေးဝေးရှောင်တတ်ရပါတယ် ။ တရားမျှတမှုဆိုတာ ကိုယ့်ခံတွင်း မှာ ပျောက်အောင် ဖျောက်နိုင်ခြင်းပဲပေါ့ ။
       အိုး ... ဒါကြောက့် ဆူဖြိုးနေတဲ့ စားဖားကြီးဖြစ်နေတာကိုး ။ ဒါနဲ့ လူစကားကို ဘယ်လို ပြောနေနိုင် တာလဲဗျ ။
      ခင်ဗျားတို့ လူတွေရဲ့ အသိညာဏ်ရှိမှု ၊ အသိညာဏ်ကို အသုံးချတတ်မှုက  ရတဲ့ အကျိုး   အမြတ်လေ
ဗျာ ။ ဘာသာစကားတွေကို ဘာသာပြန်စက်တွေနဲ့ ဆက်သွယ်ပေးနိုင်တော့ ကျုပ်လည်း လူယောင်ဆောင်ပြီး ပြောနိုင်တာပေါ့ဗျာ ။ ခင်ဗျားတို့ရဲ့ တရားဥပဒေတွေမှာလည်း ဟိုလိုလို ဒီလိုလို လိုသလို ရေလဲနဲ့ သုံးနိုင်တာတွေ ရှိနေတာပဲ မဟုတ်လား ။ ကျုပ်တို့ကတော့ ရေမလဲလည်းသုံးနိုင်အောင် လုပ်ထားတာပေါ့ ။ ခင်ဗျားဆီက ဘာအကွက်ကောင်းများ ရမလဲလို့ မေးမြန်းဆွေးနွေး ကြည့်တာပါဗျာ ။ အချိန်တောင် တော်တော်လင့်သွားပြီ ။ အညှီလေးတွေဆီ သွားလိုက်အုံးမယ်ဗျ ။ တာ့ တာ ။
      ကျွန်တော်ကတော့ ပြန်လည်နှုတ်မဆက်ဖြစ်ပါ ။ စားဖားကြီး ထွက်ခွာသွားသည်ကိုသာ ကြည့်ရင်း မမြင်လိုက် ၊ မကြားလိုက် ၊ မပြောလိုက် ဟု သဘောပိုက်လျက် နဝေတိမ်တောင် ဖြစ်ကာ ကျန်ခဲ့ ပါတော့တယ် ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 14 ; 12 ; 2012 )
အစားကို အစားထိုးလျှင်
$
0
0
ဦးနှောက်ကောင်း မကောင်းကို ဦးနှောက်နဲ့စဉ်းစား
ဦးနှောက်ထဲ သိုမှီးထားတဲ့အချက်အလက်တွေက ဦးနှောက်စား
အစားအစာထူးခြားတာက ဘ၀အခြေကို ပြောင်းစေနိုင်တယ်
ဗေဒါပွင့်က ဆီးချို သွေးချို နိုင်တယ်
ဆေးဖက်ဝင်တာလည်း အစာ အာဟာရပါ
ပညာဆိုတဲ့အစာကို ဘယ်ပုံသေနည်းနဲ့ ဖေါ်စပ်ကြမှာလဲ
လွတ်လပ်စွာတွေးခေါ် ( မှား ) ခွင့်ရှိပါတယ်
မိန်းကလေးဘောင်းဘီ နောက်ဖက်ကွဲပြတဲ့ရုပ်ရှင်က ပွင့်လင်းမြင်သာမှုလား
အများအကျိုးမဲ့တာတွေကို လွတ်လပ်စွာဖေါ်ထုတ်ခွင့် သင့်ရဲ့လား
မတူညီသူများအတွက် တူညီတဲ့အိပ်မက်တွေလည်း လိုပါမယ်
အိပ်မက်ရက်စွဲကို သိသူ မှတ်သူ များလာ
နှလုံးသားပြက္ခဒိန်လည်း တန်ဖိုးတွေတက်လာ
ဦးနှောက်အလျှင်တွေက မြန်နှုန်းတွေမြင့်လာ
ICT ခေတ်ဆိုတော့ ပုံရိပ်တွေ စကားတွေနောက်မှာ Code တွေပါလာ
ဟော ...  ပျံသွားပြီ ၊ အိုး ...  ကြိုးနဲ့ဆွဲထားတာပါလား
အော် ... အမိခံနေရတဲ့ ကစားစရာ ၊ အား ... နာကျင်စားစရာ
နာကျင်တာတွေကို ကြင်နာပေးကြမှာလား
ငြိမ်းချမ်းသူများသာ ပန်းပွင့်များနဲ့စကားပြောနိုင်မှာ
ငြိမ်းချမ်းရေးအတွက် တရားပြောပြီး တယောထိုးတဲ့အခါ
သိုးအူတွေကို သုံးမယ့်အစား  ကျွန်တော့်အူတွေကို သုံးလိုက်ပါ ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 19 ; 12 ; 2012 )
http://www.shwedaungtaung.com တွင် ( Dec ; 24 ; 2012 ) မှစတင်၍
     ဖော်ပြထားသော ကဗျာ ဖြစ်ပါသည် ။
Dec ; 31
$
0
0
Dec ; 31
http://upload.wikimedia.org/wikipedia/commons/thumb/1/18/US_31.svg/600px-US_31.svg.png
www.en.wikipedia.org
တစ်ရွက်ကျန် တစ်သက်စံဆိုတာ
ထီလက်မှတ်မှာ ဖြစ်ခဲ့တယ်
မျှော်လင့်ချက်မှာ မျှော်လင့်စရာ ... ။
ဒီလူကတော့ အထီးကျန်
ကိုယ်က ပုံနှိပ်ပြီးသား စာရွက်လေ ... ။
တစ်ချို့များကတော့
ဒီဘ၀ တိုတိုလေးကိုမှ
ကြည့်လို့မရ ဖြစ်ရပုံများ
အစားထိုးလိုက်ပြန်ရဲ့ 
အသစ်ကိုမှ အချစ်သန်ကြ ... ။
နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုစကား
ဒဏ်ရာတွေများလားကွယ်
ပိတ်သွားတဲ့ အချစ်တခါးမှာ
နှလုံးသားက ချိတ် ကျန်ခဲ့ပေါ့ ... ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( Dec ; 31 ; 2012 )
မြန်နှုန်းမြင့်တွေနဲ့ နယ်သစ်တွေနဲ့ နှလုံးသား ကျောက်တုံးတွေနဲ့ မီးခတ်နေကြတာ ပြကွက်တွေလား
$
0
0
မြန်နှုန်းမြင့်တွေနဲ့ နယ်သစ်တွေနဲ့
နှလုံးသား ကျောက်တုံးတွေနဲ့
မီးခတ်နေကြတာ ပြကွက်တွေလား
http://fc09.deviantart.net/fs40/i/2009/045/1/5/__Snow_sculpture___Hand___by_shorty91.jpg
www.shorty91.deviantart.com
လူငယ်တွေ
သံစဉ်နုညက်တေးတွေ သီလို့
ခေတ်ပေါ်စကားတွေ ဟစ်လို့
ခြေလက်တွဲဆက် ကကွက်တွေ ဆင်လို့
                      ပျော်နေကြတယ်
စက်ရုံတွေကြားက PH7 တွေ တံဆိပ်အမျိုးမျိုး
မိုးရေပုလင်းက ဒီလို ပြောတယ်
     “ သဘာဝ ငြိမ်းချမ်းရေး ကဗျာ ”
       သိမှ သိပြီး သိမှာ
ခင်ဗျားတို့ လူကြီးတွေ
( ကျွန်တော်လည်း အတူတူ )
ဘာကြောင့် ရန်ဖြစ်နေကြတာလဲ
ဘယ်လို ဖျက်ဆီးနေကြတာလဲ
ဘာကို ချနင်းနေကြတာလဲ
     “ ကမ္ဘာကြီးကို မုန်းနေကြလို့လား ”
       မသိက မသိကို မသိဘူး
မေတ္တာစာကို ဘယ်လိပ်စာနဲ့ ပို့ရမှာလဲ ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( Jan ; 1 ; 2013 )
45 ( + ) ၊ 25 ( - ) ၊ ခြားနားမှု
$
0
0
45 ( + ) ၊ 25 ( - ) ၊ ခြားနားမှု
http://www.mbari.org/expeditions/Antarctic09/images/life/04-04-09-Life2.jpg
                      www.mbari.org
            ကျွန်တော်တို့ မြို့လေးမှာ ( ၆၅ ) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲတွေ ကို ကျင်းပခဲ့ပါတယ် ။ နေသူရိန်အားကစားကွင်းထဲမှာ အားကစားပြိုင်ပွဲများကျင်းပဆုပေးပြီး ညချမ်းမှာတော့
အမျိုးသမီးထုတ်စီးတိုးပွဲကို ကျင်းပခဲ့ပါတယ် ။ ဇာတ်ပွဲကိုလည်းထည့်သွင်းခဲ့တာကြောင့် စည်ကားမှု ရှိတယ်လို့ ဆိုရမှာပါ ။
          အသက်    နှစ်ဆယ့်ငါးနှစ်အောက်    လူငယ်တွေကတော့      တော်တော်လေးပျော်ရွှင်နေကြတာကို သူတို့ရဲ့လှုပ်ရှားမှုတွေ စကားတွေအရ သိနိုင်ပါတယ် ။ သိသာတာကတော့ ဆိုင်ကယ်ရပ်နားရမယ့်နေရာမှာ ဆိုင်ကယ်တွေတန်းစီနေကြတာဟာ ဟိုတုန်းက မတွေ့ရတဲ့ မြင်ကွင်း အဖြစ်တွေ့နိုင်ခြင်းပါပဲ ။ ရုပ်ဝတ္ထုပစ္စည်းတွေဟာတစ်ပါးသောနိုင်ငံများရဲ့ ဈေးကွက်ချဲ့ထွင်မှုကနေတစ်ဆင့် ရောက်ရှိနေတာကို
ဖော်ပြနေခြင်းပါပဲ ။ အသက်နှစ်ဆယ့်ငါးနှစ်အောက် သူတို့တွေအတွက် ဒီလိုပွဲမျိုးကို အခုမှ စတင် မြင်ဖူးခြင်း ဆိုရင် မှားမယ်မထင်ပါ ။ လူအများပါဝင်ပြီး လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်နိုင်တဲ့ ပွဲမျိုးတွေကို သူတို့ သက်တမ်းမှာ မတွေ့မြင်နိုင်ခဲ့ကြတာကြောင့် ဖြစ်ပါတယ် ။
          သူတို့သက်တမ်းအတွင်းမှာ မိမိ၏တာဝန်သာဖြစ်ကြောင်း ဆိုတဲ့ခေါင်းပေါ်က ၀န်ထုပ်ကြီးကိုရွက်ပြီး လူစက်ရုပ်များအဖြစ် ညာညှိ တန်းစီတွေနဲ့ ကြီးပြင်းခဲ့ရတာကြောင့်လည်းပါဝင်ပါတယ် ။ တစ်ကယ်တော့
ဒီလိုပျော်ပွဲရွှင်ပွဲတွေကို သူတို့ထက် အသက်နှစ်ဆယ်ကျော် ကြီးသူ  45 ( + ) တွေကတော့
တွေ့ခဲ့ကြုံ့ခဲ့ကြပြီးဖြစ်ပါတယ် ။ အရင်ကဆိုရင် ကျန်းမာရေး ၊ ပညာရေး ၊ သစ်တော ၊ လယ်ယာ ၊ စက်မှု စသည်ဖြင့် ဌာနဆိုင်ရာများပါဝင်ကြပြီး သက်ဆိုင်ရာပြခန်းတွေနဲ့ စည်ကားခဲ့ဖူးပါတယ် ။ ဗဟုသုတ များစွာကို ပွဲလမ်းနဲ့အတူ အများပြည်သူကို တင်ဆက်နိုင်ခဲ့ကြတာကြောင့် ဆက်သွယ်ရေးစနစ် အားနည်းနေချိန်မှာပင် အခုထက်ပိုမို စည်ကားခဲ့တာကိုမေ့ပျောက်ပစ်လို့ မရပါဘူး ။ ဒါတွေကို မြင်ရ ကြားရသူများက နိုးကြားလာတဲ့ ဆင်ခြင် ဖန်တီးနိုင်မှုစွမ်းအားတွေကို ဘ၀အတွက် အသုံးချနိုင်ခဲ့ကြပါတော့တယ်။
           မကြာသေးခင်အချိန်က တန်ဖိုးလျှော့တယ်လီဖုန်းများဆိုပြီး ကျပ်နှစ်သိန်းနဲ့ ရောင်းခဲ့တဲ့ အချိန်ကလေးဟာ အခုထိရှိနေတုန်းပါ ။ မတိုင်ခင်အချိန်က ရောင်းချခဲ့တဲ့ ငါးသိန်းတန်ဖုန်းများဟာ အခုမှာရောင်းချခဲ့တဲ့ နှစ်သိန်းတန်ဖုန်းများလောက် အရည်အချင်းမရှိတာကို အဲဒီအချိန်က လူတော်တော်များများမသိခဲ့ကြပါဘူး ။ ဗဟုသုတနည်းပါးနေကြတဲ့ အချိန်ပါ ။ ဒါကြောင့် ငါးသိန်းတန်ကို ၀ယ်ယူသုံးစွဲနေသူများဟာ လောလောဆယ်အသုံးပြုလို့ အဆင်ပြေနေတဲ့ ငါးသိန်းတန်တွေကို လျှော့ဈေး ချပြီး အသစ်ကိုလိုချင်လို့သာရောင်းရတယ် ဆိုတဲ့ပုံစံမျိုးနဲ့ မသိနားမလည်သူတွေကို သုံးသိန်း အထိဈေးခေါ်ရောင်းချခဲ့ကြဖူးပါတယ် ။ တစ်ပါတီစနစ်အောက်မှာ လူ့အခွင့်အရေးတွေနဲ့ ညာဏ်ပညာပိတ်ဆို့မှုတွေရှိခဲ့ပေမယ့် စစ်အာဏာရှင်စနစ်မှာတော့ အသိညာဏ်များပါ ပျောက်ဆုံး သွားစေခဲ့တာကို မျက်ဝါးထင်ထင်တွေမြင်ရမှု တစ်ခုဖြစ်ပါတယ် ။
          ကျောင်းသား ကျောင်းသူတို့အတွက်လည်း အခုလို ဒါကျက် ဒါဖြေ ဒီအမှတ်ယူ စနစ်တွေလို ကျက်ထားတာ မဟုတ်ရင် တစ်   နဲ့ တစ်တောင် မပေါင်းပေးတတ်တော့ဘူး     ဆိုတဲ့ ဆရာ ဆရာမများရဲ့
အားပျက်သံတွေက အရင်က 45 ( + ) လူတွေအတွက် အထူးအဆန်းဖြစ်စေခဲ့ပါတယ် ။ 
            မကြာမြင့်သေးသော အချိန်များအတွင်းမှာ လပွတ္တာမြို့ရဲ့ မောင်ထင်စာကြည့်တိုက်ကကြီးမှူးပြီးတော့ စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံး ၊ ကဗျာ ၊ ၀တ္တုတိုပြိုင်ပွဲတွေကို စာကြည့်တိုက်ရဲ့ ဒုတိယမြောက် စာပေပြိုင်ပွဲအစီအစဉ်အဖြစ် ကျင်းပနိုင်ခဲ့ပါတယ် ။ ဂီတ ၊ သရုပ်ဆောင်ဆိုတဲ့ အနုပညာများမှာ
ကလေးအရွယ်များက လူကြီးတွေကို တုပပြိုင်ဆိုင်နိုင်တာတွေရှိပေမယ့် စာပေအနုပညာမှာတော့ သီးခြားရှင်သန်ကြတဲ့သဘာဝဟာ ထင်ရှားလှပါတယ် ။ ဒါကြောင့် စု ၊ တု ၊ ပြု အဆင့်တွေအတွက် ဒီပြိုင်ပွဲတွေမှာ စုခြင်း ၊ တုခြင်းအဆင့် ( သို့မဟုတ် ) အခြားသူတွေ ( ဆရာ ဆရာမများလည်းအပါအ၀င် ) ကဖြစ်စေချင်တဲ့      အရေး     အသားတွေနဲ့      ပြိုင်ပွဲတွေကို ကျောင်းသား          ကျောင်းသူ            များက
ဝင်ရောက် ယှဉ်ပြိုင်ကြတာကို တွေ့ရပါတယ် ။ 
       ဒါဟာလည်း ခေတ်စနစ်ရဲ့ကျေးကျွန်ဖြစ်ခဲ့ရတဲ့ ကျောင်းသားကျောင်းသူ လူငယ်များမှာသာ တာဝန်ရှိတာမဟုတ်ကြောင်း သေချာခဲ့ပါတယ် ။ ဖန်တီးနိုင်မှု ၊ တွေးခေါ်ဆင်ခြင်မှုတွေကို ပျောက်ဆုံးစေခဲ့တဲ့ အုပ်ချုပ်သူများရဲ့ အရိပ်မည်းကြီးတွေဟာ ငယ်ရွယ်သူများအပေါ် ကျရောက်နေဆဲ                    ဖြစ်ကြောင်း ၊
အရိပ်မည်း, ကြီးတွေ ပျောက်ပျက်သွားပြီး ကိုယ်ပိုင်တွေးဆ ဆင်ခြင်မှု ပညာညာဏ်များနဲ့ ဖန်တီးနိုင်မှုတွေကို ရှင်သန်ဖွံ့ဖြိုးစေဖို့ မိဘများ ၊ ဆရာဆရာမများ ၊ အုပ်ချုပ်သူများ နဲ့ ၀န်းကျင်အသိုင်းအ၀န်းမှလူများမှာပါတာဝန်ရှိနေစေကြောင်း ထင်ရှားစေခဲ့ပါတော့တယ် ။ ပညာရည်နိမ့်ကျနေသရွေ့တော့ တပါးနိုင်ငံတို့ရဲ့  အလုပ်အကျွေးတွေအဖြစ်သာ ရှင်သန်နေကြရမယ်လို့ ထင်မြင်နေမိပါတော့တယ် ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 11 ; 1 ; 2013 )
--
the bard of mars
မြတ်ဆရာပူဇော်ပွဲ ( ဒုတိယအကြိမ် ) ။ အ.ထ.က ( ၁ ) ... အမှတ်တရ
$
0
0
မြတ်ဆရာပူဇော်ပွဲ ( ဒုတိယအကြိမ် ) ။ အ.ထ.က ( ၁ ) ... အမှတ်တရ
ဒေါ်အောင်ဆန်းစုကြည် ( ၆၇ ) နှစ်မြောက်မွေးနေ့ အမှတ်တရ နှင့် နံရံကပ် စာစောင်
$
0
0
ဒေါ်အောင်ဆန်းစုကြည် ( ၆၇ ) နှစ်မြောက်မွေးနေ့ အမှတ်တရ ကဗျာရွတ်ခြင်း နှင့် နံရံကပ်စာစောင်
မွေးနေ့ ဆုမွန်
$
0
0
NETIZEN အပေါင်းတို့ခင်ဗျား ...
          ဒီနေ့ ( 18 ; 1 ; 2013 ) ဟာ ကျွန်တော့်ရဲ့ ( ၅၈ ) နှစ်မြောက်မွေးနေ့ဖြစ်ပါတယ် ။ ဟိုးအရင် ( ၅၈ )နှစ်ရဲ့
နံနက် ထမင်းစားပြီးချိန်လောက်မှာ ကျွန်တော်က လူ့လောကရဲ့ တခါးကို ခေါက်ခဲ့ပါတယ် ။ သားဖွားဆရာမကို ဖခင်ကသွားခေါ်နေတုန်းမှာ ကျွန်တော်က လူလောကထဲကို တိုးဝင်လာခဲ့ပါတယ် ။ ယုဇနလမ်းအလယ်ဘလောက်မှာ မျက်နှာချင်းဆိုင်အိမ်က ဒေါ်ချစ်ဆိုသူက ချက်ကြိုးဖြတ်ပေးခဲ့ရတဲ့အတွက် ကျွန်တော်ဟာ အချစ်နဲ့ လူလောကကိုမိတ်ဆက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ် ။ သားဖွားဆရာမ ကတော့  ရောက်လာပြီး ရေမိုး     ချိုးလို့ သန့်စင်ပေးခဲ့တာပါ လို့ အမေက အခု    ( ၉၁ )       နှစ်မှာ
ပြန်လည် ပြောပြနေခဲ့ပါတယ် ။ ဒါကြောင့် အခု ( ၅၈ ) နှစ်သားမောင်စိုးမြင့်ဟာ ငြိမ်းစိုးဦး ဆိုပြီး ဟိုတွေး ဒီရေးနဲ့ online လောကသား netizen များကို ဆက်လက်ပြီး မေတ္တာမျှဝေနေပါမယ့်အကြောင်း သတင်းပေးလိုက်ရပါတယ် ခင်ဗျား ...
         ( 8 ; 1 ; 2013 )  မောင်ထင်စာကြည့်တိုက်ရဲ့ စာဆိုတော်နေ့အမှတ်တရ စာပေပြိုင်ပွဲ ဆုပေးပွဲမှာ ...
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
ငြိမ်းစိုးဦး
( Jan ; 18 ; 2013 )
မြန်မာ့ ဂီတနဲ့ ပျော်ကြမယ် ( ရင်သွေးကဗျာ )
$
0
0
မြန်မာ့ဂီတနဲ့ ပျော်ကြမယ်
( ရင်သွေး ကဗျာ )
ဆိုင်းဝိုင်းကြီးကို မြင်တွေ့လိုက်ပြီ
ရင် ခုန် သည်
တီးခတ်ဆိုကာ ဟို မိုးထက်ဆီ
ပျံ နေ မည်
စီး စုံ ညီ ၊ ၀ါး စုံ ညီ
ကြေးကြိုး သားရေ လေ လက်ခုပ်သံ ပီ
တေး ပန်းချီ ၊ အမွေ ဖြစ်သည် ။
မြန်မာ့တေးကို င်္ကြဆ ဖွဲ့ကာ
ဆို နိုင် တာ
ဒို့များ ရိုးရာ ယဉ်ကျေးမှုဟာ
စုံ လင် တာ
ဒိုး သံ သာ ၊ ဗြော သံ သာ
နားဝင်ချိုအေး ဂီတ ရှေး စဉ်လာ
စုံ မက် ကာ ၊ မြတ် နိုး စရာ ။
ငြိမ်းစိုးသူ
( Dec ; 25 ; 2012 )
http://www.lptmagazine.net/ တွင် ( 1 ; 1 ; 2013 ) ရက်နေ့မှ စတင်ကာ ဖော်ပြထားသော 
ရင်သွေးကဗျာ ဖြစ်ပါတယ် ။
ရှင်းလင်းစွာ မွေးဖွားခြင်း
$
0
0
ရှင်းလင်းစွာ မွေးဖွားခြင်း
File:Elizabethan.jpg
http://en.wikipedia.org/wiki/File:Elizabethan.jpg
          NETIZEN အပေါင်းတို့ခင်ဗျား ...( အခုလို စာဆိုတော်ရာသီကိုရောက်လာရင် စိတ်ထဲမှာ မရိုးမရွဖြစ်လာတတ်လို့သူများလို စင်ပေါ်က မဟုတ်ပဲ 0nline ပေါ်မှာပဲ ရေးမိတာကို ဖတ်မိတဲ့လူများကနားလည် ခွင့်လွှတ်ပေးစေလိုပါတယ်။အခုလိုတာင်းပန်ပြီးပြီဆိုတော့ ပြောချင်ရာပြောလို့ ရပါပြီနော် ။ )
           အခုကျွန်တော်ပြောမှာက “ ရှင်းလင်းစွာ မွေးဖွားခြင်း ” ဆိုတော့မရှင်းမလင်းနဲ့ ဘယ်သူတွေမွေးလို့လဲ ။ မင်းကရောမွေးတတ်လို့လား ။... စတဲ့အမေးတွေရှိလာနိုင်ပါတယ် ။ ကျွန်တော် ဆိုလိုတာက လူသားတွေရဲ့အသိညာဏ်ကို ရွက်ဖွင့်လို့ ဖြစ်ပေါ်လာတဲ့ အားမာန်များ မွေးဖွားခြင်းအကြောင်း ဖြစ်ပါတယ်လို့ ပြောပါရစေ ။
         လူသားဆိုတာဟာ မိမိတို့ရဲ့ ဘ၀ခရီးတွေမှာ သဘာဝကပေးထားတဲ့ အသိညာဏ်တွေကိုအသုံးချပြီး တိုးတက်အောင်ကြိုးစားလာကြတာ အသေအချာပါ ။လူတစ်ဦးတစ်ယောက်ချင်းစီ ကြည့်ရင်တော့ ရှုံးနိမ့်တာ အောင်မြင်တာတွေရှိပေမယ့်လူသားမျိုးနွယ် အရတော့  အောင်မြင်မှုတွေကို ရလာခဲ့တာ အမှန်ပါ ။ လူသားတစ်ဦးချင်းမှာ သင်ယူလေ့လာမှုနဲ့ပြဌာန်းလာတဲ့ ဘ၀အခြေအနေတွေအရ စွမ်းနိုင်သလောက် လုပ်ကြရတာလည်းရှိနေတတ်ကြပါတယ် ။ ကျွန်တော်တို့ မြန်မာ့ သမိုင်းမှာ ငထင်ငယ်ဆိုတဲ့သူရဲကောင်းရှိခဲ့ဖူး ပါတယ် ။ သူ့ဆန်စားလို့ရဲရတယ်ဆိုတဲ့စကားကိုကိုင်စွဲပြီး မိမိက ကာကွယ်ပေးရမယ့်တာဝန်ကိုကျေပွန်အောင် ထမ်းရွက်ခဲ့သူပါ ။သို့သော် လူတစ်ဦးတစ်ယောက် အတွက်သာဆောင်ရွက်ခွင့်ရခဲ့တယ်လို့ ယူဆမိပါတယ် ။
         မဟာဇနက္ကမင်းသားကိုလည်းသိကြမှာပါ ။ သူကတော့ လူသားအားမာန်ကိုမြှင့်တင်ရာမှာ အားမာန်ပါလှတယ်လို့ ထင်ပါတယ် ။ မင်းသားတို့ရဲ့ သင်္ဘောဟာပင်လယ်ထဲမှာ ပျက်စီးရတဲ့အခါ သူတစ်ပါးတွေလို သတိပျက်   အားငယ်တာတွေမရှိဘဲလူသားတစ်ဦးရဲ့ ရှင်သန်မှုကို အလုပ်နဲ့ သက်သေပြခဲ့ပါတယ် ။ ပင်လယ်ထဲမှာမိမိအင်အား ရှိသရွေ့ကူးခတ်နေခြင်းအားဖြင့် အခွင့်အလမ်းကောင်းကိုကြုံခဲ့ရပါတယ် ။ အကယ်၍သာ ကြိုးစားအားထုတ် အလုပ် လုပ်မှု မရှိဘူးဆိုရင်ဒီအခွင့်အရေးကိုရမှာ မဟုတ်ပါဘူး ။ ဒါဟာ သဘာဝကိုအန်တုလို့ လူသားရဲ့  စွမ်းအင်ကို အသုံးချနိုင်ကြာင်း ပြသတာဆိုရင်လည်း မှားမယ်မထင်ပါ ။
          ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရားရှင်ဟာသိဒ္ဓတ္ထ မင်းသားဆိုသော လူသားဘ၀ကို ဖြတ်သန်းခဲ့ရသူသာဖြစ်ခဲ့ပါတယ် ။ မိမိရဲ့ဘ၀ကို လေ့လာ သင်ယူခြင်းနဲ့ စတင်ခဲ့သော်လည်း သင်ယူခဲ့သမျှရဲ့အားနည်းမှုတွေကို အသေအချာဆန်းစစ်လို့ လူ့ဘောင်လောကရဲ့ ဒုက္ခတွေကိုမခံစားလိုတော့အောင် ဆင်ခြင်ဆုံးဖြတ် ဖေါက်ထွက်ခဲ့တာပါ ။မိမိကိုယ်တိုင်သိမြင်လာတဲ့ အသိတရားတွေကိုလည်း အများကို ဖြန့်ဝေနိုင်အောင်စုစည်းပြီးဟောပြ သွန်သင်နိုင်ခဲ့သူပါ ။ ကြီးမြတ်လှပါတယ် ။ အသိညာဏ်ရဲ့အားမာန်ကို လင်းပွင့်စေခဲ့ပါတယ် ။ ဒါတွေဟာ လူသားတို့ရဲ့ရှင်သန်မှုသမိုင်းစဉ်ကရလာသော ကောင်းမှုမြတ်နိုးကာင်းအောင်ကြိုးစားမှုတွေဆိုတာ သေချာခဲ့ပါတယ်             ဘ၀နေထိုင်မှုမြင့်မားရေးအတွက် ကြံဆတွေးတောကာ မြှင့်တင်ခဲ့သူတွေလည်း မနည်းခဲ့ပါဘူး ။ဒါကြောင့်လည်း သက်ရှိလောကမှာ လူသားကမ္ဘာရယ်လို့ သီးသန့်ထင်ရှားပြီး လူသားတွေရဲ့သမိုင်းတွေကို ဆက်လက်ရေးထိုးပုံဖ်ာနေနိုင်ကြတာလည်း ဖြစ်ပါတယ် ။ သို့သော် ကြိုးစားမှုတွေ အားလုံးအောင်မြင်စေဖို့ အခွင့်အလမ်းတွေ ပွင့်ခဲ့ကြပါရဲ့လား။ အချို့သော အားထုတ်မှုတွေဟာ ပိတ်ဆို့မှုတွေရဲ့ အောက်မှာကျဆုံးပျောက်ကွယ်ခဲ့ရတာတွေလည်း မနည်းမနောလို့ တွေ့ရမှာပါ ။မအောင်မြင်မှုကို အောင်မြင်မှုတွေနဲ့ အစားထိုးဖို့ဆိုတာကတော့ လူသားတို့ရဲ့အားမာန်နဲ့မမှိတ်မသုန် ကြိုးစားမှုတွေက အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်လို့ထင်ပါတယ် ။
          တစ်ချိန်က ရော်ဘင်ဆင်ကရူးဆိုး ဆိုသူဟာသင်္ဘောပျက်ပြီးကျွန်းတစ်ခုမှာ တစ်ယောက်တည်း နေထိုင်ရတဲ့အခါရှေးဟောင်းလူသားတွေလိုနေထိုင်လို့ ခေတ်သစ်ရဲ့ အသိပညာကိုအသုံးချကာ ကြိုးစားခဲ့ဖူးတာကို အမှတ်ရမိကြမှာပါ ။ အခုတော့ရော်ဘင်ဆင်ခရူးဆိုးလိုပဲ တိုင်းပြည်ရဲ့ ခရီးလမ်း လွဲချော်ပျက်ပြားမှုတွေကိုကြုံရ သူတွေက နိုင်ငံသားတာဝန်တွေကို သိတတ်စွာထမ်းဆောင်နိုင်ကြဖို့ကြိုးစားခဲ့ကြပါတယ် ။ အဲဒီအခါ ဘယ်လိုကြုံခဲ့ကြပါသလဲ ။ စက်တင်ဘာလ - ( 2004) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နွယ်နီမဂ္ဂဇင်းမှာ ဆရာမင်းထင်ကိုကိုကြီးကဒီလိုပြောပြခဲ့ပါတယ် ။
ရော်ဘင်ဆန်ကရူးဆိုး အလွန်
အလင်းရောင် စတာနဲ့ 
ကမ်းခြေမှာ ကျွန်တော် မတ်တတ် သွားရပ်တယ်။
ကျွန်တော့် မျက်လုံးက
ဟိုး......အဝေးဆုံး မိုးကုတ်စက်ဝိုင်း တစ်လျှောက်။
ကျွန်တော့်  စိတ်က ဟိုဘက် လွန်လိမ့် မယ်။
ကျွန်တော် ရှာနေတာ
လှေရွက်တိုင် သို့ မဟုတ်
သင်္ဘောခေါင်းတိုင် တစ်ခုခု
အဲသည်မှာ ပင်လယ်နဲ့ ကောင်းကင် တွေ့ တယ်။
ကျွန်တော် ကတော့  ဘာမှ မတွေ့ ဘူး။
သည်မှာ ရေးစရာ စာရွက် မရှိ။
ဘောပင်၊ ခဲတံ၊ ဖောင်တိန် မရှိ။
မျှောစရာ ပုလင်း မရှိ။
ဖက်နဲ့ ထုက်ထားရတဲ့  ကျွန်တော့် အသက်၊
ကျောက်ချင်း ခတ်ပြီး မွှေးထားရတဲ့ 
ကျွန်တော့် မီးမျှသာ ရှိရဲ့။
ကျွန်တော့် မီး မသေအောင်
ကျွန်တော် အသက်ကို လောင်စာ လုပ်လို့ 
ဓါး ထစ် မှတ်သားလို့ ...   ...။
မင်းထင်ကိုကိုကြီး
နွယ်နီ-မဂ္ဂဇင်း
စက်တင်ဘာလ-2004 ခုနှစ်။
         အဲဒီလို ဖြတ်သန်းနေကြရတာ အမှောင်လွှမ်းသောခရီးကြမ်းမှာ ဖြစ်ခဲ့ပါတယ် ။လူသား တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ ၊ ယုံကြည်ဆောင်ရွက်ခွင့်တွေဆုံးရှုံးခဲ့ရပါတယ် ။ ဒါကို အားမာန်တင်းတင်းနဲ့စုစည်းပြီးလှိုင်းလုံးကြီးတွေလို အဆင့်ဆင့်ရိုက်ခတ်လိုက်တဲ့အခါအာဏာကျောက်ဆောင်တွေ တဖြည်းဖြည်း ပြိုပျက်ခဲ့ရပါပြီ ။ ဒါပေမယ့်လမ်းဆက်လျှောက် ရုံလေး  ဖြစ်အောင် ဖြောင့်ဖြူးသာယာသောပန်းခင်းလမ်းလားဆိုရင်တော့ မဟုတ်နိုင်သေးတာ သေချာပါတယ် ။
            နိုင်ငံသူနိုင်ငံသားတွေကလည်း စိတ်လျှော့အားနည်းကျေနပ်သွားကြပြီလား ။မဟုတ်ပါဘူး ။ ယနေ့ရောက်ရှိနေတဲ့ ကျွန်တော်တို့ တိုင်းနိုင်ငံမှာဒီမိုကရေစီခရီး လမ်းပေါ်ကို ခြေတင်ခွင့်ရတဲ့ အပြေးသမားနိုင်ငံသားများလို့ခံယူပြီး လုပ်ဆောင်ရမယ့်တာဝန်တွေကို ဆက်လက်ဆောင်ရွက်သွားနေရမယ် ဆိုတာမေ့ကြမယ်မထင်ပါဘူး ။ မလုံလောက်သေးသော်လည်း အတွေးသစ်တွေရခဲ့ပါပြီ ။ အမြင်သစ်တွေရခဲ့ပါပြီ။ ပြင်ဆင် ထားသင့်တာတွေကိုလည်းပြင်ဆင်ထားနိုင်ပြီလို့ ယူဆနိုင်မယ် ထင်ပါတယ် ။ အပူနဲ့ တွေ့ထားရတဲ့ပန်းကလေးတွေလို နွမ်းတော့နွမ်းနယ်ကြမှာပါ ။ လူသားဆိုတဲ့ မလျှော့သောလုံ့လကို ပညာနဲ့ ဖြည့်ဆည်းလိုက်ကြရင် လမ်းဖြောင့် လမ်းမှန်ကိုတော့ရောက်လာမယ်ဆိုတာ ယုံကြည်နေမိပါတယ် ။ သြဂုတ်လ ၊ ၂၀၁၀ - ပြည့်နှစ် ထုတ် ရတီစာပေ အနုပညာ မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ ဆရာမောင်အောင်ပွင့်ရဲ့ကဗျာ ကိုလည်းသတိတရဖြစ်မိပါတယ် ။
ဖွား မြင် ခန်း
ပန်း ပွင့် ဟာ
အမြစ် က ပင်စည် ၊ ပင်စည် က ကိုင်းဖျား
ကိုင်းဖျား က သစ်ရွက်တွေ ကြား
အခု ဘယ်ဆီ မှာလဲ
ဘွားဘွားကြီး ပေါ်မှ ပျော်ရ မွှေး ကြူ ရမယ် ။
အရုဏ်ဆော် ငှက်ကလေး က
အရုဏ် ကို
သူ ဖူးမြင်ရပြီ ကျူးရင့်နေတာပါ
သူ့ တေးသံ ထက် စောပြီး
တုံးမောင်းသံ ကြားခဲ့သေး
တုံးမောင်း ခေါက်တုန်း တိုး တိမ် သွားတာ
ဘုန်းကြီး ကျောင်းသားလေးရဲ့
ဒါမှမဟုတ် သာမဏေ ရဟန်း တစ်ပါးပါး ရဲ့
လက်ရုံး ကြွက်သားတွေ ယုတ်လျှော့ နေပြီလား ။
လောက အသစ်   လောက အမွန်
မယ်တော် မာယာ ဖွားမြင်ခန်း
အချိန် တန်တော့လည်း
အင်ကြင်းကိုင်း လှမ်း အကိုင်
အင်ကြင်း ရနံ့ တစ်ရှိုက် နဲ့
ဖွား သန့် လိုက်တာပဲ မဟုတ်လား ...   ... ။                   ။
မောင်အောင်ပွင့်
ရတီ စာပေ အနုပညာ မဂ္ဂဇင်း
သြဂုတ်လ ၊ ၂၀၁၀ - ပြည့်နှစ် ။
           ဟုတ်ကဲ့ ။ ကျွန်တော်တို့အတွက် ၊      မြန်မာနိုင်ငံသူနိုင်ငံသားတွေ     အတွက်သာယာတင့်မောဖွယ်    အင်ကြင်းတောလည်း      ရှိနေအုံးမယ်လို့   မှတ်ယူမိပါတယ် ။သာသနာ့ အကျိုးဆောင်      ရဟန်းများရဲ့         တုံးမောင်း               ခေါက်သံဟာဘ၀ဂ်တိုင်လျှံခဲ့ဖူးပါတယ် ။ စုစည်းညီညာတဲ့ ဖြည့်ဆည်းမှုတွေကြောင့် အားအင်တွေကို ကျစ်လျစ်အောင်မွေးမြူနိုင်ခဲ့ကြပြီးမလျှော့သော ဇွဲ ၊ သတ္တိတွေ           ရှိလာခဲ့ပါတယ် ။အမှောင်လွှမ်းတဲ့ အုပ်ချုပ်မှုတွေပျက်သုဉ်းသွားတဲ့အခါပွင့်လင်းမြင်သာတဲ့ အခြေအနေ ၊ လူသားတစ်ဦးချင်းစီရဲ့ မူလအခွင့်အရေးတွေရနိုင်လာမှု ၊ တရားဥပဒေစိုးမိုးမှုတွေရှိလာမှုစတာတွေဟာပညာနှင့်လျှောက်လှမ်းမယ့်ခေတ်ခရီးမှာပေါ်ပေါက်လာမယ်လို့ ထင်မိပါတယ် ။
           အဲဒီအခါ အင်ကြင်းပန်းသာမက ပန်းမျိုးစုံပွင့်လန်းတဲ့အချိန်ဖစ်လာပါလိမ့်မယ် ။အရောင်အသွေးတွေ စုံလင်မှု နဲ့အတူ ပျားပိတုံး လိပ်ပြာတွေပျံဝဲလို့ ၀တ်မှုန်တွေကူးနေကြပါလိမ့်မယ်မွှေးပျံ့သောရနံ့တို့ သင်းထုံနေပါ              လိမ့်မယ် ။မြေဆီသြဇာတွေကောင်းမွန်အောင် ပိုးမွှားတွေ မကျရောက်အောင်တော့ စဉ်ဆက်မပြတ် သတိပြုကာလုပ်ဆောင်ပေါင်းသင်ပေးနေဖို့လည်း လိုပါလိမ့်မယ် ။ ယဉ်ကျေးသောလူမှုအဖွဲ့အစည်းမှာ လူသားတို့ ပျော်ရွှင်ငြိမ်းချမ်းစွာ နေပျော် လာကြမယ်လို့ထင်မြင်နေမိပါတော့တယ် NETIZEN အပေါင်းတို့ ခင်ဗျား ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 30 ; 1 ; 2013 )
ဆူးပန်းကုံးတွေ သွယ် ဘယက်နှင့်
$
0
0
ဆူးပန်းကုံးတွေ သွယ် ဘယက်နှင့်
အဖွင့်မှာတော့ ကျေးလက်ဆန်ဆန် ပွင့်ခဲ့ပြီး
ပွင့်လာတဲ့ ပန်းအတွက် ဆူးတွေနဲ့ ကာခဲ့ကြသလား
ရှေ့ဆက်ပြီး တိမ်ပေါ်တက်မယ့် ရည်ရွယ်ချက်မှာ
ခြေလှမ်းတိုင်းဟာ အသက်ဝင်လို့ အသက်ရှင်ဖို့
ရှေ့ခြေခိုင်ခိုင်ချပြီးမှ သတိနဲ့ ဟန်ချက်ကိုပြောင်း
နောက်ခြေက ထပ်ချပ်ပါ ဆူးတွေကို ခွာချ
ဆူးတွေကို အပြုးနဲ့ ဖယ်နိုင်မှ
ပန်းဟာ ပန်းလို ပန်းရနံ့ကြွယ်
ပြားတဲ့ကမ္ဘာက ရွာကြီး ဖြစ်ပြီတဲ့
အဲဒီ ရွာထဲမှာ တောပန်းလေးတွေ ၀ံ့ကြရဲ့လား
သွေးမစည်းရင် သွေးစီးတွေများမှာပဲ
ခရီးရောက်ဖို့ ဖြောင့်ဖြောင့်သွားနိုင်ဖို့
ရှေ့ကိုလည်း ကြည့်ရမယ် နောက်ကိုလည်း သိရမယ်
အဆုံးအဖြတ်က အဆုံးကို အဖြတ်မှာ
အပြတ်တွေ များလာ ၊ တိုပြီးရင်း တိုလာ
စစ်ကို ဖြတ်ပါ ၊ အမုန်းကို တိုပါစေ
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ ဥပဒေဟာ
ကမ္ဘာကြီးကို အလင်းကွယ်စေတယ် ... လို့
မဟတ္တမဂန္ဓီကြီးက ပြောခဲ့ပါတယ်
ပန်းနဲ့ အပြုံးကို လက်ဆောင်ကမ်းတဲ့အခါ
ကျွန်တော့်ကို ဝေစု ယူခွင့်ပြုပါ ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( Feb ; 9 ; 2013 )
Viewing all 59 articles
Browse latest View live